Friday, February 3, 2012

ငါးထောင်တန်ဖုန်းစီမံကိန်း မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရန်စီစဉ်




ငါးထောင်တန်ဖုန်းစီမံကိန်းအား အကောင်ထည်ဖော်ဆောင်ရွက်သည့် ရွှေပြည်တံခွန်ကုမ္ပဏီအနေနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ၎င်းစီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် တရားဝင်လျှောက်လွှာတင်ထားခြင်းဖြစ်ကြောင်း သိရသည်။



“ရွှေပြည်တံခွန်က ဒီစီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လျှောက်လွှာလာတင်ထားတယ်ဆိုတာ ဟုတ်ပါတယ်။ ဆက်လက်ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ အဆိုပါ ငါးထောင်တန်ဖုန်းစီမံကိန်းမှာ စီးပွားရေးအရ တွက်ခြေကိုက်ပြီး အသုံးပြုရကောင်းမွန်သော မိုဘိုင်းဆက်သွယ်ရေး၏ နောက်ဆုံးပေါ်နည်းပညာဖြစ်သည်ဟု ရွှေပြည်တံခွန်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။ “မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ပူးပေါင်းဖို့ တရားဝင်လျှောက်လွှာတင်ထားပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ ၃၀.၁.၂၀၁၂ နေ့မှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ် လုပ်သွားမှာဖြစ်ပါတယ်” ဟု ရွှေပြည်တံခွန်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါစီမံကိန်း အကောင်အထည်ဖော်ရန် အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် စီးပွားရေးအရရော နည်းပညာပိုင်းအရပါ ပူးပေါင်းဆောင်ရွက်သွားမည်ဟုသိရသည်။ UMTS (Universal Mobile Telecommunications System) ကိုအသုံးပြုခြင်းဖြစ်၍ ယခုကဲ့သို့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်မည်ဖြစ်ပြီး အဆိုပါစနစ်တွင် HSPA (High Speed Packet Data) ၀န်ဆောင်မှုကို တွဲဖက်အသုံးပြုနိုင်ခြင်းကြောင့် ကမ္ဘာ့မိုဘိုင်းကွန် ရက်တစ်ခုအဖြစ် လျင်မြန်စွာချိတ်ဆက်ရရှိနိုင်မည်ဖြစ်သည်ဟု သိရသည်။ “လက်ရှိ GSM မိုဘိုင်းဖုန်းမှာ ၁၅သိန်းတန်ဖုန်းနဲ့ ငါးသိန်းတန်ဖုန်းဆိုပြီး အမျိုးအစားနှစ်မျိုး၊ CDMA 450 မှာလည်း အမျိုးအ စားအမျိုးမျိုး၊ နောက်ထပ် CDMA 800 ဖုန်း၊ အခုတစ်ခါသုံး FEC 20 တန်ကတ်ဖုန်းစသဖြင့် အမျိုးအစားအမျိုးမျိုးထွက်ရှိနေပြီးတော့ နောက်ထပ်ဆက်သွယ်ရေးကချပေးမယ့် တန်ဖိုးနည်းဖုန်း၊ ရွှေပြည်တံခွန်က အကောင်အထည်ဖော်နေတယ်ဆိုတဲ့ ငါးထောင်တန်ဖုန်းအစရှိသဖြင့် ဖုန်းတွေအမျိုးမျိုး ဈေးကွက်ထဲကို ရောက်နေတယ်။ ရောက်လာတော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့တန်ဖိုး၊ သူ့အမျိုးအစားအလိုက် အသုံးပြုကြမယ်လို့ ထင်ပါတယ်” ဟု မိုဘိုင်းဖုန်းအသုံးပြုသူတစ်ဦးက ပြောကြားသည်။ ငါးထောင်တန်ဖုန်းတွင်အသုံးပြုမည့် UMTS စနစ်မှာ GSM နည်းပညာများဖြစ်သည့် EDGE, GPRS, EVDO တို့ထက် ကမ္ဘာအနှံ့အသုံးပြုလျက်ရှိလာပြီဖြစ်သည်ဟု သိရသည်။

ရေးသားသူ - ထွန်းထွန်း  

No comments:

Post a Comment