
လေဒီရုပ်ရှင် ဇာတ်ကားပိုစတာ။
ထင်ရှားတဲ့ ဥပမာ ရုပ်ရှင်ဇာတ်ကားတချို့ပြရမယ်ဆိုရင် ဒါရိုက်တာ အိုလီဗာစတုန်းရဲ့ "JFK" (၁၉၉၁)၊ မဲလ်ဂစ်ဘ်ဆင်ရဲ့ "Braveheart" (၁၉၉၅)၊ ရိုလန် အန်မာရစ်ရဲ့ "The Patriot" (၂၀၀၀) နဲ့ မိုက်ကယ် ဘေးရဲ့ "Pearl Harbour" (၂၀၀၁) ဇာတ်ကားတွေပဲဖြစ်ပါတယ်။
ဒီလိုရုပ်ရှင်ကားတွေကို ရုံတင်ပြသတဲ့ အခါ သမိုင်းနောက်ခံ အကြောင်း အရာတွေကို ထဲထဲဝင်ဝင်သိထားတဲ့သူတွေက ရုပ်ရှင်ထဲမှာ လွဲနေတဲ့ သမိုင်း
အချက်အလက်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိပါတယ်။
သမိုင်းအချက်အလက်တွေကို အပေါ်ယံလောက်သာ သိထားတဲ့ ပရိသတ်အတွက်တော့ ဇာတ်ကားကို ရသခံစားကြည့်ကြပြီး ဝေဖန်မှုသိပ် မလုပ်ကြပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထု ပ္ပတ္တိကို ပြင်သစ်ဒါရိုက်တာ လုခ်ဖက်စွန် ရိုက်ကူးထားတဲ့ "The Lady" ဇာတ်ကားကတော့ ရသပိုင်းမှာရော၊ သမိုင်း အချက်အလက်ပေါ်မှာပါ ပြည်ပဝေဖန် ရေးသမားများရဲ့ ပြင်းထန်တဲ့ဝေဖန်မှုကို ခံခဲ့ရပါတယ်။
ဂါးဒီးယန်းသတင်းစာကဆိုရင် လေဒီ ဇာတ်ကားကို "ခံစားမှုရသနဲ့ နက်ရှိုင်းမှု ကင်းမဲ့နေပြီး သာမန်လူတစ်ယောက်ရဲ့ ဘ၀ကို ရိုက်ကူး ထားရုံမျှသာ"လို့ ဝေဖန် သုံးသပ်ထားပါတယ်။
ဒီလိုပဲ ပြည်တွင်းက ဝေဖန်သုံးသပ်သူကလည်း လေဒီရုပ်ရှင်ရဲ့ အဖြစ်မှန် သမိုင်းအချက်အလက်တွေ ပြောင်းလဲထားတဲ့အပေါ် ထောက်ပြဝေဖန်ကြပါတယ်။
စာရေးဆရာမောင်ဝံသက "တချို့ အခန်းတွေမှာ၊တကယ့်အဖြစ်မှန်တွေကို ဇာတ်လမ်းဆန်ဆန် ပြောင်းလဲဖန်တီး ထားပါတယ်။ တချို့ အမှတ်အသားတွေ မှားတယ်။ ဗိုလ်ချုပ်ကို ပစ္စတိုနဲ့ ဆက်တိုက် ဆင့်ပြီး ပစ်တာမဟုတ်ပါဘူး။ ဒီလောက် အချက်အလက်ကတော့ မူရင်းအတိုင်း ရိုက်ရင်တောင် ဇာတ်ကားကို မထိခိုက်နိုင်ပါဘူး"လို့ ပြောပါတယ်။ ပြီးတော့ သူက သမိုင်းနောက်ခံဇာတ်ကားတွေ ရိုက်ကူးမယ်ဆိုရင် အဖြစ်မှန်တွေကို စိတ်ကူးယဉ်ဆန်ဆန်ပြန်လည် ရေးသားတာမျိုး မလုပ်သင့်ဘူးလို့လည်း သူ့အမြင်ကို ပြောပါ တယ်။
အဲဒီလိုပြန် ရေးတဲ့အခါ ဖြစ်ရပ်မှန်နဲ့ ဝေးသွားလို့ ဇာတ်ကားကလည်း ယုတ္တိမရှိတော့ဘူးလို့လည်း ဆိုပါတယ်။
"မြန်မာ့သမိုင်းအကြောင်း မသိတဲ့ နိုင်ငံခြားသားပရိသတ်အတွက်တော့ ခံစားပြီးကြည့်လို့ ကောင်းတဲ့ ဇာတ်ကားပါ။ ဒါပေမယ့် သမိုင်းကြောင်းကို ထဲထဲဝင်ဝင်သိနေတဲ့ မြန်မာလူမျိုးအတွက်တော့ သိပ်ပြီးမကောင်းလှပါဘူး" လို့ ဆရာမောင်ဝံသက ဆိုပါတယ်။
ဒါ့ပြင် ဆရာက "Beyond Rangoon" (၁၉၉၅)ရုပ်ရှင်ကားကို ဥပမာ ညွှန်းဆိုပြပြီး အဲဒီဇာတ်ကားကြီးကိုလည်း နိုင်ငံတကာ ရုပ်ရှင် ဝေဖန်ရေးသမားတွေက သမိုင်းအချက်အလက်တွေ မှန်ကန်မှု မရှိဘူးလို့ ဝေဖန်ခဲ့ကြတယ်လို့ ပြောပြပါတယ်။
ဒါပေမယ့် အနုပညာ ပိုင်းမှာတော့ ပရိသတ်ဆီက ဩဘာရတဲ့ ဇာတ်ကားဖြစ်ခဲ့ပါတယ်။
"ဒါကလည်း နားလည်ပေးလို့ရပါတယ်။ သမိုင်းနောက်ခံအချက်အလက်တွေကို အခြေခံတဲ့ရုပ်ရှင်မျိုးရိုက်ကူးတဲ့ အခါမှာ အချက် အလက်ပေါ်မှာ သိပ်ပြီး တိကျဖို့ ဂရုစိုက်ရင် အနုပညာပိုင်းမှာ လစ်ဟင်းတာရှိသလို ဇာတ်လမ်းပမာ ဖန်တီးလွန်းရင်လည်း အချက်အလက် ပျက်စီးတယ်"လို့ ဆရာက ပြောပါတယ်။
မင်းသမီး မီရှဲယိုးရဲ့ သရုပ်ဆောင်မှုကိုလည်း ဆရာမောင်ဝံသက "သူက တော်တော်ကောင်းတယ်လို့ ပြောပေမယ့်လို့ ဒေါ်စုရဲ့ စရိုက်ပေါ်လွင်အောင် သရုပ်မဆောင်နိုင်ပါဘူး။ တော်တော်ဝေးပါတယ်"လို့ မှတ်ချက်ချပါတယ်။
"ဒီဇာတ်ကား မြန်မာပြည်မှာ ရုံလာတင်ရင်လည်း မြန်မာပရိသတ်တွေက ကြိုက်မယ်မထင်ပါဘူး။ ချို့ယွင်းချက် တွေများတယ်" လို့လည်း ဆိုပါသေးတယ်။
လူရွှင်တော် ဦးမေတ္တာကလည်း လေဒီကားထဲမှာ မြန်မာအမျိုးသမီး ခေါင်းဆောင်တစ်ဦးရဲ့ အရည်အချင်းကို ရိုက်ပြထားပုံကို စိတ်ကြိုက်မဖြစ်ဘူးလို့ ဆိုပါတယ်။
"ဒီဇာတ်ကားက အရင်က ဖြစ်ပြီးခဲ့တဲ့အတိတ်ကို မီးမောင်းထိုးပြထားတာပါ။ အရိပ်လိုပဲ အတိတ်မှာ ပြီးဆုံးခဲ့ပါပြီ။ ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီကို ဦးတည်သွားနေတာပါ။ သူတို့ဘက်က မြန်မာနိုင်ငံအပေါ် မြင်တဲ့ရှုထောင့်က ကျွန်တော်တို့ ဒီမိုကရေစီဆီကို သွားနေတဲ့လမ်းကြောင်းမှာ အဟန့်အတား မဖြစ်စေချင်ဘူး" လို့ ဇာတ်ကား ကြည့်ရှုပြီး ဖြစ်ရတဲ့ ဘ၀င်မကျတာတွေ ကို ပြောပြပါတယ်။
လေဒီဇာတ်ကားကို ကြည့်ဖြစ်တဲ့ ဒါရိုက်တာ မောင်မျိုးမင်းကလည်း ထင်ရှားတဲ့ မြန်မာအမျိုးသမီးတစ်ဦးရဲ့ အတ္ထုပ္ပတ္တိကို နိုင်ငံခြားသားတစ်ဦးက ရိုက်ကူးထားတဲ့အတွက် မြန်မာခံစားမှုမျိုး မပါဘူးလို့ ပြောပါတယ်။
"ဒီဇာတ်ကားကို မြန်မာလူမျိုးတစ်ဦး ရိုက်ကူးတာမဟုတ်တဲ့အတွက် မြန်မာ ရနံ့၊ အငွေ့အသက်နဲ့ မြန်မာခံစားမှုမျိုး ပျောက်နေတယ်။ ခေတ်ကာလအချိန်တွေ၊ သမိုင်းနောက်ခံတွေ လွဲနေတယ်။ ဗိုလ်ချုပ်က မျက်နှာထားတင်းပါတယ်။ သူမျက်နှာမှာ အပြုံးဟာ မြင်ရခဲပါ တယ်။ ဒါပေမယ့် ဇာတ်လမ်းထဲမှာ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်တဲ့သူက အမြဲပြုံးနေတယ်။ တွေ့သမျှသူကို ပြုံးပြတယ်"လို့ ဇာတ်ကားထဲက အလွဲတချို့ကို ထောက်ပြပါတယ်။
"ဒါကလည်း မဆန်းပါဘူး။ ရစ်ချက် အက်တန်ဘောင်း ရိုက်ထားတဲ့ "Gandhi" (၁၉၈၂)ဇာတ်ကားကို ကျွန်တော်တို့ နိုင်ငံခြားသားတွေ ကြိုက်ကြတယ်။
ဒါပေမယ့် အိန္ဒိယက ပရိသတ်တွေက မကြိုက်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားမှာ ဂန္ဒီရဲ့ပင်ကိုစရိုက်ကို နိုင်ငံခြားသား ဒါရိုက်တာက ပေါ်အောင် မရိုက်နိုင်ဘူး။ အိန္ဒိယနိုင်ငံရဲ့ အငွေ့အသက်ပျောက်နေတယ်။ ဒါပေမယ့် ကျွန်တော် နိုင်ငံခြားသား တစ်ယောက် အနေနဲ့တော့ ဂန္ဒီကားကို အရမ်းကြိုက်တယ်"လို့ သူက ဆိုပါတယ်။
မြန်မာတိုင်း(မ်) ဂျာနယ်မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်.......
No comments:
Post a Comment