Monday, February 13, 2012

ပါကစ္စတန်နိုင်ငံတွင် မြန်မာသံရုံး တည်ဆောက်နေပြီး အိန္ဒိယနိုင်ငံ၌ သံရုံးတည်ဆောက်ခွင့် ရရှိရန် ညှိနှိုင်းနေ


ပါကစ္စတန်နိုင်ငံတွင် တည်ဆောက်နေသည့် မြန်မာသံရုံး အဆောက်အအုံကို၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးရန် မျှော်မှန်းထားပြီး အိန္ဒိယနိုင်ငံတွင်လည်း သံရုံး တည်ဆောက်ခွင့်ရရန် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဖေဖော်ဝါရီလ ၆ ရက်နေ့၌ ပြည်ထောင်စုလွှတ်တော် အစည်းဝေးတွင် ပြောကြားခဲ့သည်။
“ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်မြို့ရှိ သံတမန်ရပ်ကွက်တွင် တည်ဆောက်နေတဲ့ မြန်မာသံရုံး အဆောက်အအုံနဲ့ ၀န်ထမ်းများနေသည့် အဆောက်အအုံ ဆောက်လုပ်ခြင်းတွေဟာ ၂၀၁၁-၂၀၁၂
ဘဏ္ဍာရေးနှစ်မှာ ပြီးစီးမယ်လို့ မှန်းထားပါတယ်။ မြန်မာသံရုံး အဆောက်အအုံ၊ စစ်သံမှူးရုံး၊ စစ်သံမှူးအိမ်တွေရဲ့ ခြံစည်းရိုးခတ်တာတွေက ၂၀၁၂-၂၀၁၃ မှာ ပြီးစီးမယ်။ လက်ရှိမှာ သံရုံးနဲ့ ၀န်ထမ်းတွေ နေထိုင်ဖို့အတွက် ငှားရမ်းခက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၉၆၀၀၀ ပေးချေနေရတယ်။ နှစ်စဉ် ငှားရမ်းခတွေ သက်သာဖို့အတွက် သံရုံးအဆောက်အအုံ ဆောက်ရခြင်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာလည်း မြန်မာသံရုံး အဆောက်အအုံ၊ စစ်သံမှူးရုံး ၀န်ထမ်းနေအိမ်များ ဆောက်လုပ်ခွင့်ရရှိဖို့ အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းနေပါတယ်”ဟု  နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်။
ထို့ပြင် ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ သံအမတ်ကြီးအိမ်၊ တိုကျိုမြို့ရှိ သံရုံး၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့နှင့် ၀ါရှင်တန်မြို့ရှိ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်ရုံး၊ အင်္ဂလန် နိုင်ငံ လန်ဒန်မြို့ရှိ သံအမတ်ရုံးများ ကို ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်သွားမည့်အပြင် ပြည်ပနိုင်ငံများတွင်လည်း သံရုံးများ အသစ် ဆောက်လုပ်ခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်။
“ကျွန်တော်တို့ ဌာနရဲ့ ရည်မှန်းချက်ကတော့ ဒေသတွင်းနိုင်ငံတွေ ဘင်းစတက်၊ ဂျီအမ်အက်စ်နိုင်ငံ  တွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်နေထိုင်သွားမယ်။ နိုင်ငံတကာ မျက်နှာစာမှာ ပြည်ပနိုင်ငံများနဲ့ ဆက်ဆံရေး၊ လေကြောင်းဆိုင်ရာ သဘောတူညီချက်၊ ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်၊ ခရီးသွားလာရေးဆိုင်ရာ သဘောတူညီချက်၊ ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ သဘောတူညီချက် စသည့် နှစ်နိုင်ငံဆိုင်ရာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများ၊ ပြည်ပနိုင်ငံများ တွင် သံရုံးအသစ် ဆောက်လုပ်ခြင်း၊ ရှိပြီးသော နိုင်ငံပိုင်အဆောက်အအုံများကို ရေရှည်တည်တံ့ဖို့ ပြုပြင်ရေး ဆိုင်ရာများကို ဆောင်ရွက်ရေး၊ နိုင်ငံတော်၏ ပိုင်နက်နယ်မြေများကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ အိမ်နီး ချင်းနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရေး၊ ၂၀၁၅ တွင် ဖြစ်ပေါ်လာမည့် အာဆီယံ အသိုက်အ၀န်းအတွက် အာဆီယံနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်သွားရေး စတာတွေ ကို ဆောင်ရွက်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ဆက်လက်ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ကျင်းပမည့် ဘင်းစတက်ထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပ ရန်ရှိပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများ၊ အိမ်နီးချင်နိုင်ငံများ၊ အာဆီယံ၊ ဘင်းစတက်၊ ဂျီအမ်အကစ် စသည့် အဖွဲ့အစည်းများနှင့် အစည်းအဝေးများ တက်ရောက်၍ အစည်းအဝေးများမှ ချမှတ်သည့် လုပ်ငန်းများ ကိုသဘောတူ အကောင်အထည် ဖော်ရေးများကို ဆောင်ရွက်လျက်ရှိသည့် အပြင် ရေပိုင်နက်နယ်နိမိတ် မထိပါးစေရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကိစ္စများကို ဆွေးနွေးညှိနှိုင်းလျက် ရှိကြောင်း သိရသည်။
                                 
                                                             ELEVEN ဂျာနယ် မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်......

No comments:

Post a Comment