
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဖုန်းများကို
ဈေးနှုန်းနည်းသည်ထက်နည်းအောင် ဖြည်းဖြည်းချင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
လက်ရှိကာလတွင် GSM/UMTS တိုးချဲ့တပ်ဆင်ရေးစီမံကိန်းကို
ပြည်တွင်းကုမ္ပဏီများနှင့်အတူ တည်ဆဲဥပဒေများနှင့်အညီ
ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကာလငါးနှစ်အတွင်း
မိုဘိုင်းတယ်လီဖုန်း တပ်ဆင်ခနှုန်းထားများကို ပတ်ဝန်းကျင်နိုင်ငံများကဲ့သို့
အဆင့်ဆင့်လျှော့ချသွားနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
“ကျွန်တော်တို့လက်ရှိ Infrastructure ကြီးတွေ တည်ဆောက်နေတယ်။ အဲဒါတွေကို
တဆင့်ချင်းတည်ဆောက်သွားမှာဖြစ်ပြီး ပြီးစီးတဲ့အခါကျရင် Initial Cost
တွေကျသွားမှာ၊ ကျွန်တော်တို့အနေနဲ့ နှုန်းကို
လျှော့နိုင်သမျှလျှော့ချသွားမယ်။ လာမယ့်မတ်လအတွင်းမှာလည်း
သုံးသိန်းထက်မကျော်တဲ့ဖုန်းတွေ ချပေးသွားမှာဖြစ်တယ်” ဟု၎င်းကပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တယ်လီဖုန်းကနဦးတပ်ဆင်ခနှုန်းထားများကို
အဆင့်အလိုက် လျှော့ချပေးလျှက်ရှိရာ ယခင်က မိုဘိုင်းတယ်လီဖုန်းတစ်လုံးလျှင်
ကျပ် ၁၅ သိန်းရှိခဲ့ရာမှာ ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလမှစတင်ကာ
တစ်လုံးလျှင်ကျပ်ငါးသိန်းသို့ လျှော့ချပေးခဲ့ကြောင်း
မိုဘိုင်းတယ်လီဖုန်းများကို နေရာဒေသမရွေး အလွယ်တကူ
ဝယ်ယူအသုံးပြုနိုင်ရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများနှင့်ပူးပေါင်းကာ
ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အော်တိုတယ်လီဖုန်းတပ်ဆင်ခများကိုလည်း
ယခင်အော်တိုတယ်လီဖုန်း ကျပ် ၁၀ သိန်းရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်မေလမှစတင်ကာ
ဈေးနှုန်းလျှော့ချပေးခဲ့ကြောင်း လက်ရှိအရစ်ကျစနစ်ဖြင့်
တပ်ဆင်ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
ရေးသားသူ - ထွန်းထွန်း
INTERNET ဂျာနယ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်...... |
No comments:
Post a Comment