Wednesday, February 15, 2012

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ကုမ္ပဏီပေါင်း ၁၀၀ ၀န်းကျင်ရှိ





မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ကုမ္ပဏီပေါင်း ၁၀၀ ၀န်းကျင်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှကပြောသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများတွင် ပြည်တွင်းပြည်ပ နှစ်မျိုးလုံးပါဝင်သည်ဟုသိရသည်။
“ကဏ္ဍတိုင်းကဏ္ဍတိုင်းမှာ ဥပဒေဟောင်းတွေ၊ ခေတ်မမီတော့တာတွေ လက်ရှိသွားနေတဲ့ပုံစံအသစ်နဲ့ မလျော်ညီတဲ့ဥပဒေတွေကို ဌာနတိုင်းပြင်နေကြတယ်။ ကျွန်တော်တို့ဌာနလည်း ပြင်နေတယ်။ ပြင်ပြီးတဲ့အခါကျရင် ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့
Operator တွေချပေးတော့မှာဖြစ်တယ်။ ချပေးတဲ့အခါကျရင်လည်း အပြိုင်အဆိုင်ရွေးချယ်ရတော့မယ်။ တိုင်းပြည်ရဲ့မျက်နှာ၊ ပြည်သူရဲ့မျက်နှာကိုကြည့်ပြီးတော့ မူတွေသတ်မှတ်ပြီးတော့ ရွေးချယ်ဖြစ်မှာပါ။ ဘယ်သူဘယ်ဝါ ရွေးချယ်မယ်ဆိုတာ ပြောလို့မရဘူး။ ယှဉ်ပြိုင်ရမှာပါ” ဟု ၎င်းကပြောသည်။ Second Operator အနေဖြင့်ဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ကုမ္ပဏီများတွင် ဂျပန်၊ ရုရှား၊ ကိုရီးယား၊ နော်ဝေး၊ အမေရိကန်၊ အင်္ဂလန် စသည့်နိုင်ငံကြီးများလည်းပါဝင်ကြောင်း ၎င်းကပြောသည်။ ပြည်ပကုမ္ပဏီအချို့က ဆက်သွယ်ရေးလုပ်ငန်းတွေ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံကမ်းလှမ်းခြင်းများလည်းရှိကြောင်း သိရသည်။ “သူတို့တွေအကုန်လုံးကို လေ့လာထားပါတယ်။ အဆိုပြုချက်တွေအားလုံးကိုလည်း လက်ခံထားပါတယ်။ နိုင်ငံခြားက အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။ ကမ္ဘာမှာ Telecommunication နဲ့ပတ်သက်ရင် Business ကကြီးလည်းကြီးမားသလို အမြတ်အစွန်းလည်းများပါတယ်။ ဒါကြောင့် ဒါကိုလုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီးရှိတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။ လက်ရှိဆက်သွယ်ရေးဆိုင်ရာဥပဒေများ ပြင်ဆင်နေဆဲကာလဖြစ်၍ ပြင်ဆင်ပြီးအချိန်မှသာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

ရေးသားသူ - ထွန်းထွန်း

INTERNET ဂျာနယ် မှ ကူးယူ ဖော်ပြခြင်းဖြစ် ပါသည်.....

No comments:

Post a Comment