Sunday, February 5, 2012

ပြန်ကြားရေးဝန်ကြီးဌာန၏ မီဒီယာဖွိ့ဖြိုးတိုးရေး လုပ်ငန်းစဉ်များတွင် ယူနက်စကိုအဖွဲ့ ပူးပေါင်းဆောင်ရွက်သွားမည်

From : ခေတ်လူငယ်
ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ စံချိန်စံညွှန်းများကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမည့် မီဒီယာဥပဒေတစ်ခုကို ရေးဆွဲဆောင်ရွက်လျက်ရှိရာ အဆိုပါ ဆောင်ရွက်မှု၌ နိုင်ငံတကာစံများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆီလျော်မှုရှိစေရန် ယူနက်စကိုအဖွဲ့က ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဒီမိုကရေစီဖော်ဆောင်ရာ၌ သတင်းလွတ်လပ်ခွင့်နှင့် တာဝန်သိမှု၊ တာဝန်ယူမှုတို့ကို မှန်မှန်ကန်ကန် ယှဉ်တွဲကျင့်သုံးနိုင်သည့် မီဒီယာ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲတစ်ခုပြုလုပ်ရန်လည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယူနက်စကိုအဖွဲ့တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ယူနက်စကို အဖွဲ့မှ သတင်းဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများပူးပေါင်း၍ ပုံနှိပ်ဆိုင်ရာနှင့် ရုပ်မြင်သံကြားဆိုင်ရာ ဥပဒေများနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

                                                                           တစ်ဆင့် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်........

No comments:

Post a Comment