Friday, February 10, 2012

မုတ္တမပင်လယ်ကွေ့ကို မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရမ်ဆာဒေသအဖြစ် သတ်မှတ်နိုင်ရေး ဆွေးနွေး

အိအိတိုးလွင်


မုတ္တမပင်လယ်ကွေ့တွင် သုတေသနကွင်းဆင်း လေ့လာရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်။
မုတ္တမပင်လယ်ကွေ့ကို ရမ်ဆာကွန်ဗင်း ရှင်း၏ အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်း အပ်သည့် ရေတိမ်ဒေသများစာရင်း(List of Wetlands International Importance) တွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရမ်ဆာဒေသအဖြစ် တရားဝင် သတ်မှတ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျရောက် သည့် (၄၁)နှစ်မြောက် ကမ္ဘာ့ရေတိမ် ဒေသများနေ့ အခမ်းအနား၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မုတ္တမပင်လယ်ကွေ့ကို ဒုတိယမြောက် ရမ်ဆာဒေသအဖြစ် အသိ အမှတ်ပြုနိုင်ရေးနှင့် ပတ်သက်၍ ၂၀၁၁
ခုနှစ်တွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း (ဘန်ကာ)မှ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသို့ အဆိုပြုလွှာ တင်သွင်းခဲ့ရာ ၀န်ကြီးဌာနမှ သဘောတူညီချက်ရရှိခဲ့ကြောင်း သိရ သည်။
"ဘန်ကာအသင်းရဲ့ အဆိုပြုလွှာကို ၀န်ကြီးဌာနအနေနဲ့ လက်ခံတဲ့အတွက် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ ရေတိမ်ဒေသများနေ့ အခမ်းအနားမှာ ၀န်ကြီးဌာနနဲ့ ဘန်ကာကဦးဆောင်ပြီး နိုင်ငံတကာက ပညာရှင်တွေ၊ ရမ်ဆာက တာဝန်ရှိတဲ့သူတွေ၊ တက္ကသိုလ် အသီးသီးက ပါမောက္ခတွေနဲ့ တခြားသက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ကိုယ်စား လှယ်တွေ ပါဝင်ပြီး အသေးစိတ်ဆွေးနွေး သွားခဲ့တယ်"ဟု ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(ဘန်ကာ)မှ ဥက္ကဋ္ဌဒေါက်တာ ထင်လှက ပြောသည်။
"ဆွေးနွေးပွဲကတော့ တကယ့်ကို အားရစရာ ကောင်းပါတယ်။ ကျွန်တော် တို့တင်ပြတဲ့ အချက်အလက်တွေကို ကြည့်ပြီး ရမ်ဆာက တာဝန်ရှိတဲ့သူတွေကိုယ်တိုင်ကလက်ခံတယ်။ သူတို့ဆီ တရားဝင်တင်ဖို့ပြောလိုက်ပြီ။ ကျွန်တော်တို့ကလည်း မကြာခင် ဒုတိယမြောက် ရမ်ဆာဒေသဖြစ်ဖို့ တရားဝင် တင်သွားမယ်။ ၀န်ကြီးဌာနဘက်ကလည်း သဘောတူပြီးသွားပါပြီ" ဟု ဒေါက်တာ ထင်လှက ပြောသည်။
"အခုကျင်းပမယ့် ဆွေးနွေးပွဲက ရလာ တဲ့အချက်အလက်တွေကို အခြေခံပြီး ဩဂုတ်လမှာ ကျင်းပမယ့် အစည်းအဝေး ကျရင် မုတ္တမ ပင်လယ်ကွေ့ကို ဒုတိယ မြောက်ရမ်ဆာဒေသဖြစ်ဖို့ မြန်မာနိုင်ငံ အနေနဲ့ တင်ပြသွားမှာ ဖြစ်ပါတယ်"ဟု ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ် တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အသိ အမှတ်ပြုခံရသော ရမ်ဆာဒေသဖြစ်သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းအင်န်ဂျီအို တစ်ခုဖြစ်သော ဘန်ကာနှင့် Bird Life International တို့၏ မိတ်ဖက်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်းကာ ၂၀၀၈ ခုနှစ်မှ စတင်ပြီး မုတ္တမပင်လယ်ကွေ့အတွင်း သုတေသန လုပ်ငန်းများကို ကွင်းဆင်းလေ့လာ ခဲ့သည်။
ကွင်းဆင်း လေ့လာချက်များအရ မုတ္တမပင်လယ်ကွေ့ဒေသသည် ဒီရေ အတက်အကျ ကြမ်းတမ်းမြန်ဆန်ခြင်းကြောင့် သဲသောင် အသစ်များဖြစ်ပေါ် ပြောင်းလဲမှုများခြင်း၊ ရေပျော်ငှက်များ နှစ်သက်ရာ ဒေသတစ်ခုဖြစ်ခြင်း၊ ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ် လုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်နေရသော ရေ ပျော်ငှက် ၃၆ မျိုး၊ ရေသတ္တ၀ါများနှင့် ဇီဝမျိုးကွဲများ စုံလင်သည့်ဒေသဖြစ်သည့် အပြင် ဌာနေငှက်များနှင့် ရာသီအလိုက် ပြောင်းရွှေ့နေထိုင်သော ငှက်များ သိန်းချီလာရောက် ကျက်စားရာနေရာ ဖြစ်ကြောင်း သိရသည်။
"အထူးသဖြင့်ကတော့ မုတ္တမ ပင်လယ်ကွေ့မှာ ကမ္ဘာမှာ မျိုးသုဉ်းဖို့ အစိုးရိမ်ရဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ရေညှောင့်နှုတ် ၀ိုင်းငှက် (Spoon-billed Sandpiper) တွေ ကောင်ရေ ၅၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ နေထိုင်ကျက်စားတဲ့ဒေသပါ။ Bird Life
International
ရဲ့ IBA (Important Bird Area) ထဲမှာ ပါဝင်ပြီးတဲ့အပြင် ရမ်ဆာကွန်ဗင်းရှင်းရဲ့ အချက်တော် တော်များများနဲ့လည်း ကိုက်ညီပြီးဖြစ်ပါတယ်" ဟု ဘန်ကာအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာထင်လှက ပြောသည်။
ရေတိမ်ဒေသတစ်ခုကို ရမ်ဆာဒေသ တစ်ခုအဖြစ် သတ်မှတ်ခြင်းသည် ယင်း ရေတိမ်ဒေသနှင့် အဆိုပါဒေသတွင် နေထိုင်သော ဇီဝမျိုးကွဲများကို ထိန်းသိမ်း ပေးနိုင်သည့်အပြင် အနီးပတ်ဝန်းကျင် တွင်နေထိုင်သော ပြည်သူများ၏ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးကို ကူညီရာလည်း ရောက်ကြောင်း ၎င်းက ပြောသည်။
ကမ္ဘာပေါ်ရှိ ရေတိမ်ဒေသများကို ထိန်းသိမ်းရန် ၁၉၇၁ ခုနှစ်တွင် အီရန် နိုင်ငံ ရမ်ဆာမြို့တွင် နိုင်ငံပေါင်းစုံ ပါဝင် သော ညီလာခံကို ကျင်းပကာ ဖေဖော်ဝါရီလ ၂ ရက်နေ့ကို ကမ္ဘာ့ရေတိမ်ဒေသနေ့အဖြစ် သတ်မှတ်ခဲ့ပြီး တက်ရောက်လာသော နိုင်ငံများက ရမ်ဆာ ကွန်ဗင်းရှင်း ကို လက်မှတ်ရေးထိုးခဲ့သည်။
ရမ်ဆာကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးကို နှစ်နှစ်တစ် ကြိမ်ကျင်းပလေ့ရှိရာ (၁၁)ကြိမ်မြောက် ညီလာခံကို ၂၀၁၂ ခုနှစ်၊ ဩဂုတ်လတွင် ဘူးဂေးရီးယားနိုင်ငံတွင် ကျင်းပမည်ဖြစ် ကြောင်းသိရသည်။
မြန်မာနိုင်ငံသည် ၁၉၉၄ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းကို ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။
                                                          မြန်မာတိုင်း(မ်)ဂျာနယ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်......

No comments:

Post a Comment