ရွှေတိဂုံစေတီတော်ရှိ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား
ဆံတော်ကြိုစေတီများရှိရာ မြို့နယ်လေးခုသို့ ယခုလ ၁၁ ရက်နေ့မှစတင်၍
လှည့်လည်အပူဇော်ခံကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သတင်းရရှိပါသည်။
အဆိုပါလှည့်လည်
အပူဇော်ခံသည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့မှာ
ရွှေတိဂုံစေတီတော်သို့ မင်းတုန်းမင်းကြီးကိုယ်တိုင် တင်လှူပူဇော်ခဲ့သည့်
ပစ္စည်းများဖြစ်ကြပြီး ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနှင့်
ဆိပ်ကမ်းတို့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ လှည့်လည်အပူဇော်ခံ မည်ဖြစ်သည်။
ထိုသို့အပူဇော်ခံရာတွင်လည်း ရွှေတိဂုံစေတီတော်ရှိ ရုပ်ပွားတော်များနှင့်
ရွှေပြားသင်္ကန်းတို့ကိုပါ ပင့်ဆောင်လှည့်လည်အပူဇော်ခံခြင်းဖြစ်ပြီး
ညပိုင်းကိန်းဝပ်သော ဒေသများတွင် ဒေသခံများကဓမ္မဒေသနာတော်များကို
အလှည့်ကျရွတ်ဆိုပူဇော်ခြင်း၊ ပန်းဆီမီးစုပေါင်းပူဇော်ခြင်း၊
ဆွမ်းတော်ကြီးပို့ခြင်းနှင့် ဆွမ်းတော်ကြီး ဆပ်ကပ်လှူဒါန်းခြင်းများ
ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။
''ရွှေတိဂုံစေတီတော်မှာ
ဌာပနာထားတဲ့ဆံတော်မြတ်ကို ပင့်ဆောင်တဲ့ လမ်းတစ်လျောက်မှာရှိတဲ့ ဒေသတွေမှာ
ဆံတော်ကြိုစေတီတော်တွေကို တည်ထားခဲ့တယ်ဆိုတဲ့
သမိုင်းအထောက်အထားတွေရှိခဲ့တာကြောင့် ရွှေတိဂုံစေတီတော်နှစ် ၂၆၀၀
ပြည့်ပွဲတော်ကို အမှီပြုပြီး အဲဒီဒေသတွေမှာ ဆံတော်ကြိုစေတီရှိတာကို
ဒေသခံတွေသတိပြုမိစေဖို့ အခုလို လုပ်ဆောင်ရတာပါ။ ဒါကြောင့်
ရွှေတိဂုံစေတီတော်ရဲ့အင်္ဂါရပ်တော် အစိတ်အပိုင်းတွေကို အနီးကပ်
ဖူးတွေ့ပူဇော်နိုင်အောင် ရုပ်ပွားတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နဲ့
ရွှေသင်္ကန်းတော်တွေကို အဲဒီဒေသတွေမှာ လှည့်လည်အပူဇော်ခံတာပါ'' ဟု
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။
ဆံတော်ကြိုစေတီများသည်
တွံတေးတွင်နှစ်ဆူ၊ ဗိုလ်တထောင်တွင် တစ်ဆူ၊ ကော့မှူးတွင် ငါးဆူနှင့်
ကွမ်းခြံကုန်းတွင် တစ်ဆူစီရှိကြောင်း သိရှိရပါသည်။
ELEVEN ဂျာနယ် မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်...... |
No comments:
Post a Comment