Saturday, February 4, 2012

ရှမ်းပြည်နယ်တွင် တိုင်းရင်းသား အဖွဲ့အတော်များများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးဖြစ်ကာ ငြိမ်းချမ်းရေးဆွေးနွေးရန် ကျန်အဖွဲ့များ မရှိသလောက် အခြေအနေဖြစ်ကြောင်း သိရ

4446
ရှမ်းပြည် တိုးတက်ရေးပါတီနှင့် ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တွေ့ရစဉ်
ရှမ်းပြည်နယ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အတော်များများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးဖြစ် ကာ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကျန် အဖွဲ့များမှာ မရှိသလောက် အခြေအနေဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ဇန်န၀ါ ရီလ ၂၈ ရက်နေ့က ရှမ်းပြည်နယ် တွင်ပြုလုပ်သည့်
ရှမ်းပြည်တိုးတက် ရေးပါတီနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ “ရှမ်းပြည်နယ်မှာ ငြိမ်းချမ်း ရေးလုပ်ဖို့အဖွဲ့တွေထဲမှာ ဒီအဖွဲ့(ရှမ်း ပြည်တိုးတက်ရေးပါတီ) ပြီးရင် မရှိ သလောက် ဖြစ်သွားပါပြီ။ ကြီးကြီးမားမားအဖွဲ့ဆိုလို့ ဒီတစ်ဖွဲ့ပဲကျန် တာပါ။ ကျန်တဲ့အဖွဲ့ငယ်လေးတွေ တော့ရှိတယ်။ ဒီနယ်မြေကတော့ မဟုတ်ဘူး။ ထိုင်းနယ်စပ်၊ ရခိုင်နယ်စပ်က အဖွဲ့ငယ်လေးတွေဖြစ်ပါတယ်။ ပအိုဝ်းအဖွဲ့ကလည်း ပြောပလောက်အောင် သိပ်မရှိပါဘူး။ နိုင်ငံတော် သမ္မတက အဖွဲ့ ၁၁ ဖွဲ့ရှိတယ်လို့ လွှတ်တော်ကိုပေးပို့တဲ့ သ၀ဏ်လွှာမှာ ပြောထားပါတယ်။ အဲဒါက ခပ်ကြီးကြီး အဖွဲ့တွေကိုပြောထားတာ။ အသေးလေးတွေကတော့ ရှိတော့ရှိတာပေါ့။ ဟိုတုန်းက တိုင်းပြည်မှာအသိ အမှတ်ပြုထားတာက ၁၈ ဖွဲ့ရှိတယ်။  အခုကိုးကန့်မရှိတော့ဘူး။ ပလောင် လည်းမရှိတော့ဘူး။ အဲဒီနှစ်ဖွဲ့နှုတ်လိုက်တော့ ၁၆ ဖွဲ့ပေါ့။ ခပ်ကြီးကြီး က ၁၁ ခု၊ နောက် ပအိုဝ်းအဖွဲ့လို ချင်းအဖွဲ့လိုမျိုးတွေ၊ ရခိုင်ကအဖွဲ့လေးတွေ ရှိသေးတယ်။ အဲဒီအဖွဲ့တွေ ကတော့ ဘာမှတိုက်တာခိုက်တာလည်း မရှိပါဘူး”ဟု ဦးအောင်သောင်းက ပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အဖွဲ့ တွေအားလုံး၊ တိုင်းရင်းသားတွေအားလုံး၊ အခုဆွေးနွေးတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီလည်း ပါမယ်။  ကေအိုင်အို/ကေအိုင်အေလည်း ပါမယ်။ ‘၀’တွေလည်းပါမယ်။ အထူးဒေသ ၄ က ဦးစိုင်းလင်းတို့ အဖွဲ့လည်းပါမယ်။ ကေအင်န်ယူလည်းပါမယ်။ ဒီကေဘီအေ(ခွဲထွက်)အဖွဲ့လည်းပါမယ် စသည်ဖြင့် အဖွဲ့အစည်းတွေ အားလုံးပါမယ်”ဟု ဦးအောင်သောင်း က အဆိုပါ ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

                                                                ELEVEN ဂျာနယ်မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်......

No comments:

Post a Comment